မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သထုံမြို့ ရွှေစာရံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရေး ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

သထုံ စက်တင်ဘာ ၄

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရေး ပထမအကြိမ် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စေတီတော်ရင်ပြင်တော်ပေါ်ရှိ မှန်စီဝတ်အတွင်း၌ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှုပူဇော်၍ ဖူးမျှော်ကြည်ညိုကြပြီးနောက် သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ပြုလုပ်သည့် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူ အလှူရှင်များတို့က သထုံမြို့၊ နန်းခဲရပ်ကွက်၊ သဒ္ဒမဇောတိကာရာမကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တသုမန အရှင်သူမြတ်ထံမှ သီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်ပေးတော်မူသော ပရိတ်တရားတော်များ နာယူကြပြီးနောက် သံဃာတော်များထံ လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး ဒေါ်စန်းစန်းလွင်တို့က စေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရေးအတွက် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက လက်ခံရယူသည်။ ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား  အလှူငွေကျပ် ၁၀ သိန်းကိုလည်းကောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးပိုင်က သထုံမြို့နယ်အတွင်းရှိ အများပြည်သူများ လှူဒါန်းသည့် အလှူငွေပေါင်း ၈၃၂ သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တသုမန အရှင်သူမြတ်ထံမှ အနုမောဒနာတရားများ နာယူကာ လှူဒါန်းမှုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

သထုံမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်သည့် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော်များကို ၅ နှစ်လျှင်တစ်ကြိမ် လုံးတော်ပြည့် ကပ်လှူပူဇော်လေ့ရှိပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်၌ ကပ်လှူခဲ့ရာ ယခုအခါ သက်တမ်းကာလကျော်လွန်ပြီး ရွှေပြားများ အရောင်မှိန်လာပြီဖြစ်သည့်အတွက် ဩဝါဒါစရိယဆရာတော်ကြီးများ၏ လမ်းညွှန်မှုနှင့်အညီ အသစ်ပြန်လည်ကပ်လှူရန် ‌စီစဉ်ပြီး ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူခံဌာနဖွင့်လှစ်ကာ ဆောင်ရွက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သထုံခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)