သီပေါမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

သီပေါ စက်တင်ဘာ ၄  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ မြန်မာ့ကျောင်းသီချင်း သီဆိုဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ ကျောင်းသူလေးများ၏ ကဗျာလွတ်အကဖြင့်လည်းကောင်း၊ ခေတ်ဟောင်းကာလပေါ် သီချင်းဖြင့် ကျောင်းသား၊ကျောင်းသူလေးများမှလည်းကောင်း၊ တစ်ပင်တိုင်အကဖြင့်လည်းကောင်း၊ ကျောင်းသူလေးများ၏ ဟင်္သာတို့ပျော်စံရာ မွန်တိုင်းရင်းသားရိုးရာ အကဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ သီပေါမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူ(၂၉)ဦး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း၊ ဆုရ ကျောင်းသား၊ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် စုပေါင်းမှတ်တမ်းပုံများ ရိုက်ကူးခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)