သထုံ စက်တင်ဘာ ၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် ရောဂါကာကွယ်ရေး PPE ဝတ်စုံများအား လူမှုကူညီရေးအဖွဲ့များသို့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက် စျေးကြီးလမ်းရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမိုးကျော်သူက လှူဒါန်းပေးအပ်ရသည့် အကြောင်းများကို ရှင်းလင်းတင်ပြခဲ့ကာ တာဝန်ရှိသူများက သထုံခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သထုံမြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ပေါင်း ၃၇ ဖွဲ့အတွက် ရောဂါကာကွယ်ရေး PPE ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပရဟိတလူမှုရေး အသင်းအဖွဲ့များအနေဖြင့် လိုအပ်သည့် အချိန်များတွင် အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းသည့် အဆိုပါရောဂါကာကွယ်ရေး PPE ဝတ်စုံများကို သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယခုကဲ့သို့ ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)