မြစ်ကြီးနား စက်တင်ဘာ ၄
ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်စည်စီးဆင်းရာတွင် ကုန်တင်ယာဉ်များ စနစ်တကျဖြင့် ကုန်စည်တင်ပို့နိုင်ရေး၊ ယာဉ်မောင်း/ ယာဉ်နောက်လိုက်များအား ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ကုန်တင်ယာဉ်များ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာရှိ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီ၏ KEP Logistics ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အသိပညာပေးဟောပြောပွဲတွင် ကချင်ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဦးအားဖူက ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်အသင်းမှ ဦးဆောင်၍ အသိပညာပေးဟောပြောပွဲနှင့် ကုန်တင်ယာဉ်များ စစ်ဆေးဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီနာယက၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းသည် ပြည်နယ်သူ/ ပြည်နယ်သားများ၏ အကျိုးစီးပွားအတွက် သာမက နိုင်ငံတော်အတွက်ပါ အခွန်ငွေများစွာရရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ မကြာမီကာလအတွင်း တစ်သျှူး ငှက်ပျောအပါအဝင် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ တရုတ်နိုင်ငံသို့ တင်ပို့တော့မည်ဖြစ်သည့်အတွက် ကုန်တင်ယာဉ်များ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအနေဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ စည်းကမ်းတကျ ကုန်စည်တင်ပို့နိုင်ရေး အလေးထားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်ရာတွင်လည်း ဒေသတွင်းကုန်တင်ယာဉ်များအား ဦးစားပေးဆောင်ရွက်ကြရန်နှင့် စနစ်တကျစိစစ်၍ စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဝိုင်းမော်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့က ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ကုန်စည်စီးဆင်းရာတွင် ယာဉ်မောင်း/ ယာဉ်နောက်လိုက်များ လိုက်နာ ဆောင်ရွက်ရမည့် ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကိုလည်းကောင်း၊ အမှတ်(၉၈)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူးနိုင်အောင်သူနှင့် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ဆေးရေးမှူး-၃ ဦးဆင်ဝါးနော်တို့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် အဝေးပြေးကုန်တင်ယာဉ်များမှ ယာဉ်မောင်း/ ယာဉ်နောက်လိုက်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေများမှ သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ ကြသည်။
ထို့နောက် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ကုန်စည်ပို့ဆောင်ရေး ဆောင်ရွက်မည့် မော်တော်ယာဉ်များအား လက်ခံစစ်ဆေးဆောင်ရွက်သွားမည့် ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကုန်စည်စီးဆင်းရာတွင် နှစ်နိုင်ငံဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးအနက်ထားလိုက်နာဆောင်ရွက်ကြရေး မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ KEP Logistics မှ တာဝန်ရှိသူများနှင့်အတူ မြန်မာ-တရုတ် ကုန်စည်စီးဆင်းရေးအတွက် ကုန်စည်တင်ပို့မည့် မော်တော်ယာဉ်များအား စက်တင်ဘာ ၃ ရက်နေ့မှ စက်တင်ဘာ ၁၈ ရက်နေ့ အထိ ဌာနဆိုင်ရာများ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်နှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်