မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယု စက်တင်ဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ယမန်နေ့ညနေပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ မြို့မရပ်ကွက်အုပ်စု၊ ဝမ်နားဟွေ့ကျေးရွာတို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ရာသို့  မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များအလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများအတွင်းသို့  လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံများနှင့် ​ရေအိုးဟောင်းများတွင်  ရေများမခိုအောင်း​စေရေးဆောင်ရွက်ပေးကြပါရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရာများအား အသိပညာ​ပေးခြင်းများကို   ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင် (ပြန်/ ဆက်)