မက်မန်း စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ အေးကျန့်အုပ်စု၊ နမ့်နန်းချောင်းရှိ SRI ပျိုးသက်နု စိုက်နည်းစနစ် စံပြစိုက်ကွက်တွင် DU 12 မျိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မက်မန်းခရိုင် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာနမှ (၀.၃၀)ဧကရှိ SRI ပျိုးသက်နု စိုက်နည်းစနစ် စံပြစိုက်ကွက်တွင် DU 12 မျိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က သိရှိလိုသည်များကို လိုက်လံ ရှင်းလင်းပေးခဲ့သည်။
အဆိုပါ SRI ပျိုးသက်နု စိုက်နည်းစနစ် စံပြစိုက်ကွက်တွင် DU 12 မျိုးစပါးများကို ဇူလိုင်လ စတုတ္ထ ပတ်တွင် စတင်စိုက်ပျိုးထားခဲ့ရာ ပင်ပွားနှုန်း များပြားဖြစ်ထွန်းလျက်ရှိရာ ဒေသခံပြည်သူများ အတွက် အကျိုးဖြစ်ထွန်းစေမည့် မျိုးစပါးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)