ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး

ကျောက်ဆည် စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ဝင်ငွေတိုးပွားစေရေးအတွက် အရင်းမပျောက် မတည်လည်ပတ်ငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများထုတ်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျောက်ဆောက်ကုန်းကျေးရွာတွင် အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများထုတ်ပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၈၈)ဦးအား တစ်ဦးလျင်ငွေကျပ် (၂၅၀၀၀၀)နှုန်းဖြင့် (၂၂၀၀၀၀၀၀)ကျပ်နှင့် မွေးမြူရေးလုပ်ကိုင်သူ(၁၄၀)ဦးအား တစ်ဦးလျှင် ‌ငွေကျပ်(၂၀၀၀၀၀)နှုန်းဖြင့် (၂၈၀၀၀၀၀၀)ကျပ် စုစုပေါင်း ငွေကျပ်(၅၀၀၀၀၀၀၀)အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်အေးနှင့် ဝန်ထမ်းများက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆောက်ကုန်းကျေးရွာတွင် အိမ်ခြေ(၁၇၈)အိမ်၊ အိမ်ထောင်စု(၁၇၈)စု ရှိကြောင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို (၂၀၁၆)ခုနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စတင်ထုတ်ပေးခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၃၉)ရွာရှိကြောင်း  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)