ဟိုပန်မြို့နယ်၌ ဆောင်းနေကြာ အချိန်မီစိုက်ပျိုးနိုင်ရေး မြေပြုပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

ဟိုပန် စက်တင်ဘာ ၄

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်း စားသုံးဆ ဖူလုံမှုရှိစေရန်နှင့် တောင်သူများ ထယ်/ထွန်စရိတ်များ သက်သာပြီး ဆောင်းနေကြာ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မြေပြုပြင်ခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယနေ့နံနက်(၉)နာရီက ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် ဝန်ထမ်းများက ဆောင်းနေကြာ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်း ထယ်ထိုးထွန်မွှေခြင်းကို ကွမ်းလုံမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်မျိုးလွင် ဦးစီးသည့်အဖွဲ့နှင့် ပူးပေါင်း၍ ဟိုပန်မြို့နယ်၊ မော်ဟွေ့ကျေးရွာရှိ ကွင်းအမှတ်(၈)၊ တောင်သူ(၁၅)ဉီး၏ ယာမြေ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်၌ ယခုနှစ် ဆောင်းရာသီ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆောင်းနေကြာ စိုက်ပျိုးဧက (၃၂)ဧက လျာထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 ဇင်ဇင်(ပြန်/ဆက်)