မိုင်းယောင်း စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဩဂုတ် နောက်ဆုံးပတ်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆုရရှိသူများအား ပြိုင်ပွဲကြီးကြပ်ရေးကော်မတီနာယက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးရဲသွေးထိုက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(စ်)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ပြိုင်ပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယာယီမြို့နယ်ဦးစီးမှူး ဦးအောင်ပြည်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ အဆိုဘာသာရပ် အခြေခံပညာအဆင့် ကာလပေါ်တေး အသက်(၁၀၊ ၁၅)တွင် အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦး၊ အခြေခံပညာအဆင့် ခေတ်ဟောင်းတေး အသက်(၁၅၊ ၂၀)တွင် အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး၊ ဝါသနာရှင် ပထမအဆင့်တွင် အမျိုးသမီး နှစ်ဦးတို့ကလည်းကောင်း၊ အကဘာသာရပ် ဝါသနာရှင်အဆင့်တွင် အမျိုးသမီး နှစ်ဦး၊ အခြေခံပညာအဆင့် အသက်(၁၀၊ ၁၅)တွင် အမျိုးသမီး တစ်ဦး၊ အခြေခံပညာ ပထမအဆင့် ကဗျာလွတ်အက (၁၆)ဦးတွင် မူလွန်(ခိုကဲ)၊ အ.ထ.က(မိုင်းယု)နှင့် အ.လ.က(တပ်တွင်း)၊ တိုင်းရင်းသားရိုးရာအက (၁၆)ဦးတွင် အ.လ.က-ခွဲ(ဆမ်မိန်း)တို့မှလည်းကောင်း၊ အတီးဘာသာရပ် ဝါသနာရှင် ဒုတိယအဆင့်(ပုလွေ)တွင် အမျိုးသားတစ်ဦး၊ အခြေခံပညာအဆင့် အသက်(၁၀၊ ၁၅)တွင် အမျိုးသား တစ်ဦးတို့က အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
နန်းပန် (ပြန်/ ဆက်)