ရန်ကုန် စက်တင်ဘာ ၄
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် နိုင်ငံတကာ သတင်းမီဒီယာကောင်စီများ ပူးပေါင်း ဆောင်ရွက်မှု အတွေ့အကြုံ ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က အဖွင့်အမှာစကား ပြောကြားသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)နှင့် နိုင်ငံတကာဆက်ဆံရေး ကော်မတီအတွင်းရေးမှူး ဦးအေးချမ်းတို့က ၂၀၂၂ ခုနှစ်၊ မေလတွင် ကင်ညာနိုင်ငံ နိုင်ရူဘီမြို့၌ (၂၃)နိုင်ငံမှ တက်ရောက်ခဲ့သည့် ကမ္ဘာ့သတင်း မီဒီယာကောင်စီ World Association of Press Councils (WAPC)၏ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားနှင့် ဩဂုတ်လတွင် တီမောလက်စ်နိုင်ငံ၌ ကျင်းပသည့် (၅)နိုင်ငံတက် ရောက်ခဲ့သော Dili Dialogue Forum 2022 တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် စာနယ်ဇင်းများမှ သိရှိလိုသည် များကို မေးမြန်းကြရာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။
“ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတင်း ဖြန့်ချိမှုတွေမှာ လွဲချော်နေတာတွေ ရှိတယ်။ ဒီသတင်းတွေဟုတ်သလား၊ မဟုတ်သလား စသဖြင့် မေးကြတဲ့အခါမှာလည်း ဒီဆွေးဆွေးပွဲတွေမှာ အတတ်နိုင်ဆုံး သတင်းအချက်အလက် အမှန်ကို ရှင်းပြပေးနိုင်ခဲ့တဲ့အတွက် အတိုင်းအတာ တစ်ခုအထိ မိမိနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို ကမ္ဘာ့နိုင်ငံများထံ သတင်းမှန်ကို သိအောင် ချပြပေးနိုင်ခဲ့ပါတယ်။ သတင်းမီဒီယာ ကောင်စီရဲ့ လုပ်ပိုင်ခွင့်ဟာ သတင်းမီဒီယာ ဥပဒေမှာ ရှိပြီးသားဖြစ်ပါတယ်။ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေလည်း ပြဋ္ဌာန်းထားတယ်။ ကျင့်ဝတ်နဲ့အညီ ညီညွတ်စွာ ဆောင်ရွက်တဲ့ သတင်းသမားတွေရဲ့ ကိစ္စတွေကိုလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေနဲ့ အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးတာ ရှိပါတယ်”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ-မောင်နိုင်မိုး)က ပြောသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ဒုတိယ သက်တမ်းကာလတွင် နိုင်ငံတကာ သတင်းမီဒီယာကောင်စီနှင့် ပူးပေါင်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးဆောင်ရွက်မှုများ၊ အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်သည့် အင်ဒိုးနီးရှား၊ ထိုင်း၊ တီမော့စ်နိုင်ငံများနှင့် မီဒီယာ ကဏ္ဍဆိုင်ရာ သတင်းအချက်အလက်နှင့် ပတ်သက်၍ ချိတ်ဆက်ဆွေးနွေးခြင်း၊ ပြည်တွင်း၌ သတင်းမီဒီယာ သမားများအတွက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်းတန်းများ ပို့ချပေးခြင်း၊ သတင်းမှန်များ မြန်ဆန်စွာ သိရှိနိုင်စေရန် သတင်းမီဒီယာကောင်စီမှ သတင်းမီဒီယာ ဖွံ့ဖြိုးရေး ကဏ္ဍတစ်ရပ်ကို ဖွဲ့စည်းထားပြီး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ-မောင်နိုင်မိုး)နှင့် ကောင်စီဝင်များ၊ ဖိတ်ကြားထားသော သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။
အောင်မြင့်(ပြန်/ဆက်)