တာမွေ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်သည် တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်သည့် ခရိုင် ဥပဒေရုံး(၁၄)ရုံးမှ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယ ခရိုင်ဥပဒေ အရာရှိများနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း အချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဥပဒေရုံး (၁၄)ရုံးမှ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများက မိတ်ဆက်စကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် “ခရိုင်ဥပဒေရုံးများအနေဖြင့် အသစ်ဖွင့်လှစ်ရခြင်း ဖြစ်သည့်အတွက် အခက်အခဲများစွာ ရှိနိုင်သော်လည်း အဆိုပါ အခက်အခဲများအား အောင်မြင်စွာ ကျော်လွှားကြရမည် ဖြစ်ပါကြောင်း၊ အမှုများအား အကြံပေးရာတွင် ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး အထူးအလေးထား ကြီးကြပ်ရန် လိုအပ်ပါကြောင်း၊ အမှုများ လိုက်ပါဆောင်ရွက်ရာတွင်လည်း မိမိတို့ ဥပဒေအရာရှိများဘက်မှ ပျက်ကွက်မှု မရှိစေဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေအရာရှိမှ အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင်မှ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများက လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ အသီးသီး တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီး ဥပဒေအရာရှိနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဥပဒေရုံး(၁၄)ရုံးမှ ခရိုင်ဥပဒေ အရာရှိများ၊ ဒုတိယခရိုင်ဥပဒေ အရာရှိများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)