ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျ လိုက်နာစေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ဒလမြို့နယ် သင်္ဘာဆိပ်ကမ်းနှင့် ကားဂိတ် တို့တွင် ခရီးသွားမိဘပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေရေး အတွက် နှာခေါင်းစည်းများကို အခမဲ့ပေးဝေခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၏ လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရန်ကုန်မြို့သို့ သွားလာကြမည့် ခရီးသွားပြည်သူများ၊ တွံတေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်း ကားဂိတ်များရှိ ယာဉ်မောင်းသူများနှင့် ခရီးသည်များအား နှာခေါင်းစည်း ၅၀၀၀ ကို အခမဲ့ပေးဝေခဲ့ကြသည်။
နိုင်လင်းကျော်(ဒလ)