ပုဗ္ဗသီရိ စက်တင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာအုပ်စု နေပြည်တော် ကောင်စီ လမ်းဘေးရှိ ဧက(၅၀၀)ကွင်းအတွင်းရှိ၊ ကွင်းအမှတ် (၁၆၃၆က) တောင်သူ ဦးတင်ထွန်းအပိုင် လယ်(၅)ဧကပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် ဓါတ်မြေသြဇာနှင့် သဘာဝမြေဩဇာ (၁:၃) ရောစပ်ကြဲပက်ပွဲနှင့် တမန်းနှိုးစက်ဖြင့် တမန်းနှိုးခြင်း၊ ဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ စက်မှူလယ်ယာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ပုဗ္ဗသီရိမြိုနယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ကျော်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ လာရောက် လေ့လာသူ တောင်သူလယ်သမားများ တက်ရောက်သူ အင်အားစုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် ပြည်သူတွေ ချမ်းသာဖို့ လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဖို့ လိုကြောင်း၊ ကျေးလက်နေ ပြည်သူတွေဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြတဲ့အတွက် မိမိတို့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ သဘာဝ ဓာတ်မြေသြဇာတွေကို အသုံးပြုသင့်ကြောင်း၊ ဓာတ်မြေဩဇာနဲ့ သဘာဝမြေဩဇာနဲ့ ရောစပ်ပြီး အသုံးပြုခြင်းကြောင့် ဓာတ်မြေသြဇာရဲ့ အဟာရဓာတ်ကိုလည်း ပြည့်ပြည့်ဝဝ ရသလို သဘာဝမြေဩဇာရဲ့ အဟာရကိုလည်း ရရှိမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စက်ကိရိယာများကို အသုံးပြုခြင်းကြောင့် အချိန်ကုန် သက်သာပြီး လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး ဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူး ဦးဝင်းထိန်မှ လယ်ယာကဏ္ဍ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပြီး စက်မှုလယ်ယာ ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးနိုင်ဦးမှ စိုက်ပျိုးရေသုံးစက် ကိရိယာများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တောင်သူတစ်ဦးမှ လက်တွေ့ လုပ်ဆောင်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ဓါတ်မြေသြဇာနှင့် သဘာဝမြေဩဇာ (၁:၃) ရောစပ်ကြဲပက်ပွဲနှင့် တမန်းနှိုးစက်ဖြင့် တမန်းနှိုးခြင်း၊ ဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြနေမှုအား ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)