ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးမှုနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်ထုတ်ပြန်

ဗဟန်း  စက်တင်ဘာ  ၃

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးမှုနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးပန်ကြားတစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးပန်ကြားချက်များမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားထုတ်လွှတ်ပေးထားသော ဓာတ်အားပေးစက်များအနက် သာကေတ U Energy ဓာတ်အားပေးစက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းကြောင့် ဓာတ်အား ထုတ်လွှတ်ပေးနိုင်မှု (106)MW ခန့်လျော့နည်းလျက်ရှိကြောင်း၊ အလုံ TOYO THAI ဓာတ်အားပေးစက်မှ ဓာတ်အားပေး စက်(၁)လုံး ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကြောင့် ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု (55)MW ခန့် လျော့နည်းလျက်ရှိကြောင်း၊ ရွှေလီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်(၁)လုံး ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကြောင့် ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု (100)MW ခန့်လျော့နည်းလျက်ရှိကြောင်း၊ အလုံ CECC ဓာတ်အားပေးစက်မှ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်(၁)လုံး ယခုမနက်ပိုင်းအချိန်တွင် အရေးပေါ်စက်ရပ်တန့် သွားသဖြင့် ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု (55)MW ခန့်လျော့နည်းလျက်ရှိကြောင်းစသည့် အခြေအနေများကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လွှတ်ပေးနိုင်မှု လျော့နည်းလျက်ရှိပါကြောင်းနှင့် ယခုသီတင်းပတ်အတွင်း ရာသီဥတုအပူချိန် မြင့်တက်လာသည်နှင့်အမျှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အား မြင့်တက်လျက်ရှိသောကြောင့် ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသော အချိန်များ၌ အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများဆောင်ရွက်လျက်ရှိပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နေရာအချို့တို့တွင် အချိန်ပိုင်း ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်  အရေးကြီးနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း  အစရှိသည့်အချက်များပါရှိကြောင်း သတင်းရရှိသည်။

စန္ဒာမိုး