ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအား မြို့တော်ဝန်နှင့် အဖွဲ့ဝင်များကြည့်ရှုစစ်ဆေး

ဒဂုံမြောက် စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၄၇)ရပ်ကွက်၊ အမှတ် () အခြေခံပညာမူလတန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စု‌ပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၏ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်း၍ ကျောင်းဝင်းအတွင်း သန့်ရှင်းလှပ‌စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး အတွက်ကျောင်းရှိ ရေသိုလှောင်ရာ အုတ်စည်အုတ်ကန်များအတွင်း အဘိတ်ဆေးခပ်ပေးခြင်း၊ ခြင်ဆေးဖြန်းပေးခြင်း၊ အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထစ် ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းပေးခြင်း၊ အမှိုက်များသယ်ယူစွန့်ပစ်ပေးခြင်း၊ ရေမြောင်းများဆယ်ပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)