မိုင်းယောင်း၌ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက ၂၀၂၂ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်နှင့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့”အကြောင်းကို ဆွေးနွေးသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က လူကုန်ကူးမှုသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ဖြေရှင်းရန်ခက်ခဲသော ပြဿနာဖြစ်ပြီး လူလူချင်း ရက်စက်စွာ ခေါင်းပုံဖြတ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သလို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေလေ့ရှိသည့် နိုင်ငံဖြတ်ကျော် မှုခင်းများလည်းဖြစ်ကြောင်း၊ လူကုန်ကူးမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည့်နိုင်ငံများတွင် အဓိက အဖြစ်များသော်လည်း ချမ်းသာသည့် နိုင်ငံများမှာပါ လူကုန်ကူးမှုများ ဖြစ်ပွားကြောင်း၊ လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာခဲ့ရာတွင် အဓိကကျူးလွန်သူ တရားခံများနှင့် ကျူးလွန်ခံရသူ သားကောင်များမှာ အမျိုးသမီးများဖြစ်ကြကြောင်း၊ ကိန်းဂဏန်းများအရ သိရှိရပါကြောင်း၊ UNODC ၏ ၂၀၁၈ ခုနှစ်၊ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံအပါအဝင်ဖြစ်သော အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ လူကုန်ကူးခံရမှု အမျိုးအစားများမှာ အမျိုးသား ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၈ ရာခိုင်နှုန်း၊ ကလေးသူငယ်(ယောက်ျား) ၄ ရာခိုင်နှုန်း၊ ကလေး သူငယ် (အမျိုးသမီး) ၁၉ ရာခိုင်နှုန်း ပါဝင်ကြောင်းနှင့် မှုခင်းအမျိုးအစားအနေဖြင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ၆ဝ ရာခိုင်နှုန်း၊ လုပ်အားခေါင်းပုံဖြတ်မှု ၃၈ ရာခိုင်နှုန်း၊ အခြား လူကုန်ကူးမှု ၂ ရာခိုင်နှုန်း ပါဝင်ကြောင်း ဖော်ပြထားကြောင်း၊ လူကုန်ကူးခံရသူ အများစုမှာ အမျိုးသမီးများဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုကို အများစုက ကျူးလွန်ခံခဲ့ကြရခြင်း ဖြစ်ကြောင်း ဆွေးနွေးသည်။

 

ယင်းနောက် Woman Club မှ ဒေါ်နန်းကိန်ခိုင်က လူကုန်ကူးမှုအများစုမှာ ပြည်ပသို့ တရားမဝင် ထွက်ခွာမှုများနှင့် ဆက်စပ်နေပြီး ၂၀၀၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် အမှုပေါင်း ၂၀၅၄ မှု ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၆ဝဝဝ ခန့်ကို အရေးယူနိုင်ခဲ့ကာ လူကုန်ကူးခံရသူ ၄၅၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးမှု များကို တိုက်ဖျက်ရာတွင် ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများက လူကုန်ကူးသူများကို ဖော်ထုတ်အရေးယူရန်၊ လူကုန်ကူးခံနိုင်ရဖွယ်ရှိသူများကို ကာကွယ်စောင့်ရှောက်ရန်၊ ဘဝပြန်လည် ထူထောင်ရေးနှင့် စောင့်ရှောက်ပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံးကလည်း လူကုန်ကူးမှု အသိပညာဗဟုသုတများဖြင့် ပူးပေါင်းပါဝင် ကူညီကြရပါမည့်အကြောင်း ဆွေးနွေးခဲ့သည်။

စိုင်းအောင်ဇော်လင်း