ပြင်ဦးလွင် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ညောင်သာယာကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုကို ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ပြည့်ဖြိုးဟန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ က ဌာနအလိုက်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးမည့် အခြေအနေများအား တက်ရောက်လာသူများသို့ အသီးသီး ရှင်းလင်းတင်ပြ သည်။
ထို့နောက် ကျေးရွာနေပြည်သူများက ကျေးရွာအတွက် လိုအပ်ချက်များအား ပြန်လည်တင်ပြ ဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးသောင်းမြင့်သိန်းက ဖြည့်စွက်ရှင်းလင်း၍ ဆောင်ရွက် ပေးမည့် အစီအမံများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအတွက် စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Mask Campaign ပြုလုပ်ခြင်းနှင့် ကျေးရွာရှိပြည်သူများအားကိုဗစ်-၁၉ကာကွယ်ဆေးထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာမှ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ခြင်းနှင့် မွေးတိုး/အလျော့ပြုလုပ်ပေးခြင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများက ကျေးရွာ တွင်းလမ်းများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူ/ကျေးရွာသားများထံသို့ ထောက်ပံ့ငွေ နှင့် သီးပင်စားပင်မျိုးစေ့များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝက်ဝံကျေးရွာ အုပ်စု၊ ညောင်သာယာကျေးရွာ ရွာဦးကျောင်းဆရာတော်ထံ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများအပါအဝင် ကျေးရွာပြည်သူ (၁၈၀) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား မွန်းလွဲ၃နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြူလူသစ်