မိုင်းဖြတ် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ စျေးတန်း(ကွက်သစ်)ရပ်ကွက်ရှိ သစ္စာလမ်း၌ ကတ္တရာထပ်ပိုးလွှာခင်းခြင်းခြင်းလုပ်ငန်းကို ယနေ့စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်စီမံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းတို့က ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်က ဆောင်ရွက် သွားမည့် လုပ်ငန်းအခြေအနေများကို ရှင်လင်းတင်ပြခဲ့သည်။
အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်(၉.၈၁)သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်ပြီး လမ်းအရှည် ၅၀၀ ပေ၊ အကျယ်၁၂ပေ၊ ထု ၃လက်မ အတိုင်းအတာရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်ထံက သိရသည်။
သန်းထွန်းအေး