မိတ္ထီလာခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၃

မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပညာအထက်တန်းအဆင့် စာဖတ်ရှိန်မြှင့်တင်ရေးကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ အကဲဖြတ်ဒိုင်အဖွဲ့ဝင် မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ စာရေးဆရာတင်တော်က  ပြိုင်ပွဲစည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထိုနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များက လှူဒါန်းငွေများ ပေးအပ်လှူဒါန်း ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်သည်။ ထိုနောက်စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသား ၂၇ ဦး က စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ စာပေမြင့်မှလူမျိုးတင့်မည်၊ ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေ လေ့လာစို့ခေါင်းစဉ်များကို မဲနှိုက်ရွေးချယ်၍ ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသားကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ချမ်းသာ