ဒဂုံတောင် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်(၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း ရွာမစာသင်တိုက် ဘုန်းကြီးကျောင်းဝင်းတွင် ဆောင်ရွက်ကြောင်း သတင်းရရှိ သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ပရဟိတအသင်းများ၊ ဌာနဆိုင်ရာများအင်အား(၂၈၀)ဦးတို့ဖြင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ဘုရားစေတီအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ပေါင်းမြက်များ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရိုက်များအား မော်တော်ယဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့် နေရာများသို့ သွားရောက်စွန့်ပစ်ပေးခြင်းစသည့်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)၊ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူး၊ စီမံရေးရာဌာန(ခရိုင်/မြို့နယ်)၊ အမှတ်(၃)စစ်ဒေသမှူး၊ ဒဂုံမြိုသစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးကြောင်းနှင့် ရွာမစာသင်တိုက်ကျောင်းသည် ဧရိယာအကျယ်(၁၁)ဧကခန့်ကျယ်ဝန်းကြောင်း မြို့နယ်စည်သာယာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
သန်းသန်းအေး(ဒဂုံတောင်)