နမ့်စန်(တ) စက်တင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ပုံကျေးရွာအုပ်စု ၊ ထင်းရှူးမြိုင်ကျေးရွာရှိ ဟိုမိန်းဌာနေပြည်သူ့စစ်အဖွဲ့ မွေးမြူရေးခြံအတွင်းရှိ သဘာဝ ရေကန်တွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင် နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ ၊ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟိုမိန်းဌာနေပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌ ဦးမဟာဂျနှင့် တပ်ဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက ငါးမျိုး စိုက်ထည့်မည့် ငါးမျိုးစိတ်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဟိုမိန်း ဌာနေပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌ ဦးမဟာဂျက လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဒုတိုင်းမှူးဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တက်ရောက်လာကြသူများက စုပေါင်း၍ ရွှေဝါငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးခုံးမ၊ မျက်စန်နီ ငါးကြင်းနှင့် မြက်စားငါးကြင်း စုစုပေါင်း ငါးမျိုးစိတ် အကောင်ရေ ၅၀၀၀၀ ကို သဘာဝ ရေကန်အတွင်း သို့ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့်တာဝန်ရှိသူများက ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
သူရအောင်(ပြန်/ဆက်)