စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

စစ်တွေ စက်တင်ဘာ ၃

စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ ကွင်းအပြည့်တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအသင်းမှ သုံးဂိုး၊ တစ်ဂိုးဖြင့်အနိုင်ရရှိသွားသည်။ ထို့နောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသော အားကစားသမားများအား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍စစ်တွေမြို့နယ်ပညာရေးမှူးက တတိယဆုရရှိသော အခြေခံပညာအထက်တန်းကျောင်းခွဲ၊ မကျဉ်းမြိုင်ကျောင်းမှ အားကစားသမားများအား တစ်ဦးချင်းလည်ဆွဲတံဆိပ်နှင့် ငွေသားဆုတစ်သိန်းကျပ်အား လည်းကောင်း၊ စစ်တွေမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဒုတိယဆုရရှိသော အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ အားကစားသမားများအား တစ်ဦးချင်းလည်ဆွဲတံဆိပ်နှင့် ငွေသားဆုနှစ်သိန်းကျပ်အားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်စား စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်နိုင်စိုးက ပထမဆုရရှိသော အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ အားကစားသမားများအား တစ်ဦးချင်းလည်ဆွဲတံစိပ်၊ ငွေသားဆုသုံးသိန်းနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့ထိ စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းနှင့် ဓညဝတီအားကစားကွင်းတို့၌ ကျင်းပခဲ့ရာ အခြေခံပညာအထက်တန်း ကျောင်းများမှ  ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)