ရန်ကုန် စက်တင်ဘာ ၃
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကိုပွဲစဉ်(၁၈)ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အပတ်စဉ် သောကြာနေ့ညများတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ရိုက်ကူးပြသမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ် အကယ်ဒမီ ချိုပြုံး၊ စန္ဒရားမျိုးနိုင်၊ တေးသံရှင်ခိုင်ဝါတို့က လည်းကောင်း၊ အစီအစဉ်တင်ဆက်သူများအဖြစ် တေးသံရှင်/သရုပ်ဆောင် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့ကလည်းကောင်း ဆောင်ရွက်ကြပြီး မြန်မာ့အသံတေးဂီတအဖွဲ့က တီးခတ်ပေးခြင်း ဖြစ်သည်။
ပြိုင်ပွဲ၏ပထမဆင့်(Level-1)အုပ်စု(က)ပွဲစဉ်(၁)ကို ယမန်နေ့ညက စတင်ယှဉ်ပြိုင်ကြရာ ကယား ပြည်နယ်မှ ထက်ထက်ဝေ၊ ဧရာဝတီတိုင်းဒေသကြီးမှ လှလှမိုး၊ မကွေးတိုင်းဒေသကြီးမှ လပြည့်ထွန်း၊ နေပြည်တော်မှနုဝင်းအေး၊ ကရင်ပြည်နယ်မှ ချမ်းလေး၊ ပဲခူးတိုင်းဒေသကြီးမှ လျှမ်းထက်ကို၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဇင်လေး၊ မန္တလေးတိုင်းဒေသကြီးမှ အောင်သက်ပိုင်မှူးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ စုစုထွေး စုစုပေါင်း ပြိုင်ပွဲဝင်ကိုးဦးတို့က သတ်မှတ်ထားသည့် တေးသီချင်းများဖြင့် ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)