မိုင်းလုံ စက်တင်ဘာ ၃
ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (ဒုတိယအကြိမ်) ထိုးရန်ကျန်ရှိသော ကျောင်းသား/ကျောင်းသူ(၈၅)ဦးကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုလို ကာကွယ်ဆေးထိုးနှံရခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား (၁၅)မိနစ်ခန့် သီးသန့်အခန်းတွင်ထားရှိစောင့်ကြည့်ပြီးမှ မိမိအခန်းသို့ ပြန်သွားစေကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းထွဋ်လင်းနှင့် အဖွဲ့ဝင်များ၊ မိုင်းလုံနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများနှင့် ဆရာ/မများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက တာဝန်ယူထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)