ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး Mask များ အခမဲ့ တပ်ဆင်ပေးခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်များဆေးကြောခြင်းဆောင်ရွက်

ကျောက်တန်း စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇:၃၀ နာရီက မြို့မဈေး၊ ၃၃ ကားဂိတ်၊ ၉၅ ကားဂိတ်၊ ရေလယ်ဘုရားရှေ့၊ ကျောက်တံတားဇက်ဆိပ်တို့တွင် Maskများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်များဆေးကြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်း ကူးစက်မှုများ များပြားလာခြင်းကြောင့် ပြည်သူများ အနေ ဖြင့် မိမိတို့နေအိမ် ပြင်ပသို့ထွက်ခွါတိုင်း  Mask တပ်ဆင်ရေး၊ မဖြစ်မနေသွားလာရမည်ဆိုပါက မိသားစုတစ်စု လျှင် (၁) ဦးသာ သွားလာစေရေး၊ လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သ၍ ရှောင်ကျဉ်ရေး၊ အပြင်မှ ပြန်လာတိုင်း အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး(သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကိုစနစ်တကျဆေးကြောရန်တို့ကို အသိ ပညာပေးပြီး လက်သန့်ဆေးရည်များ ဖြန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပူးပေါင်းအဖွဲ့များသည် မြို့မဈေးအတွင်း ဈေးအရောင်းဆိုင်များနှင့် စားသောက်ဆိုင် များ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ရက်များတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)