လသာ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုဆိုင်ရာ အသိပညာများတိုးပွားလာစေရေးအတွက် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်သင့်သည့် အချက်အလက်များကိုလည်ကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်အောင်က လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ် များ၊ လူကုန်ကူးခံရမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကိုလည်ကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။
လသာမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စသည့် စစ်ကြောင်းများဖွဲ့စည်းကာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ် အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဇော်ဖြိုးတေဇ