မိုင်းဖြတ် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ဆေးအဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်တည်ဆောက် ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွန့်နှင့် တာဝန်ရှိသူများက ခွင့်ပြုရန်ပုံငွေ ကျပ် (၂၂၄.၇၅၇)သန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် (၁၁၃.၄၀၀)သန်းဖြင့် Heaven Hill ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မူလွန်(ကွက်သစ်) ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ Heaven Hill ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံ ရှင်းလင်းပြသခဲ့ပြီး ကော်မတီဝင်များက လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မူလွန်(ကွက်သစ်) ကျောင်းဆောင်သစ်မှာ အလျား(၉၀)ပေ၊ အနံ(၃၀)ပေရှိ RCC (၂)ထပ်အမျိုး အစားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ (၂၂၄.၇၅၇) ကျပ်သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွဲဝေချထားပေးငွေကျပ် (၁၁၃.၄၀၀) သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုမှာ ၄၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း ကျန်ရှိသည့် အဆောက်အဦအပိုင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး