မိုင်းယောင်း စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဆမ်မိန်း)ကျောင်း၌ သံဃာတော်များအား ဝါဆို သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါ ကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဆမ်မိန်း)ကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦးနှင့် မြို့မိမြို့ဖတို့က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္တုတို့ကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဆမ်မိန်း)ကျောင်းဆရာတော်က အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း