ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးတို့ ကူးစက်ခံရခြင်းမှ ထိရောက်စွာကာကွယ်နိုင်ရေးအတွက် မျက်နှာနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ကာ ဒေါပုံမြို့မစျေးအတွင်းရှိ ပြည်သူများထံသို့ တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ လူစည်ကားရာ စျေးကြီးဖြစ်သည့် မြို့မစျေးအတွင်း စျေးရောင်းချသူများနှင့် စျေးဝယ်လာသူပြည်သူများအား မျက်နှာနှင့် နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်တွေ့ရှိလာရသည့်အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် သက်ဆိုင်သည့် သတိပြုဖွယ်ရာများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများအား အုပ်ချုပ်ရေးစစ်ကြောင်းအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေး၊ မြို့နယ် ယာယီ ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် မီးသတ်ဦးစီးမှူးတို့က Mask အခုရေ (၅၀၀) ကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)