တောင်ကြီး စက်တင်ဘာ ၃
တောင်ကြီး-ဆိုက်ခေါင် လမ်းပိုင်းနှင့် တောင်ကြီး-ဖာမွန်း မီးရထားလမ်းပိုင်းကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖာမွန်း-ဘန်းယဉ် လမ်းပိုင်းကို ၁၉၉၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဘန်းယဉ်-ဆိုက်ခေါင်ရထားလမ်းပိုင်းကို ၂၀၀၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ခရီးမိုင်အားဖြင့် တောင်ကြီးမှဆိုက်ခေါင်သို့ ၄၀.၆၇ မိုင်၊ သံလမ်းမိုင် ၄၂.၃၀ မိုင် ရှိပြီး ရထားလမ်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ဒေသအတွင်း ရထား ပို့ဆောင်ရေးလုပ်ငန်းနှင့်အညီ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်ထုတ်စီးဆင်းမှုမှာ ရထားပို့ဆောင်ရေးလုပ်ငန်းနှင့်အညီ ချောမွေ့ရန်၊ ဒေသတွင်း ထွက်ကုန်များအား ရထားနှင့် အလွယ်တကူသယ်ဆောင်နိုင်ရန်အတွက် အဓိကထားပြီး ရထားလမ်းပိုင်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းမှာ ရှိသည့် တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာထိ (၃၃.၇၁) မိုင်ရှိသော ရထားလမ်းပိုင်းကို ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်မှာ ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်ခန့် ကိုဗစ်ကာလတွင် ယာယီရပ်နားခဲ့ရပါကြောင်း၊ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်၊ ဒေသခံတိုင်းရင်းသားပြည်သူများ တောင်းဆိုချက်နှင့်အညီ တောင်ကြီး-ဆိုက်ခေါင် လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ်ခရီးစဉ် အမှတ်(၁၅၃) အဆန်၊ အမှတ်(၁၅၄) အစုန် ရထားပြန်လည်ပြေးဆွဲခြင်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့နံနက် ၈ နာရီခွဲက စတင်ပြေးဆွဲခဲ့ပြီး ဒေသခံပြည်သူများ၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိခဲ့ ရပါသည်-
အမိုးဒေါ်နန်းခမ်းဖြူ
ဟမ်းဆီးတောင်ရွာ၊ ကျောက်တလုံးကြီးမြို့
မေး- ယခုလို တောင်ကြီး-ဘန်းယဉ်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲပေးသည့်အတွက် ရင်တွင်းခံစားချက်လေး သိပါရစေ။
ဖြေ- အမိုကတော့ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ဟမ်းဆီးတောင်ရွာနေ ဒေသထွက်ကုန်နှင့် ငှက်ပျောသီးတွေကို အသွားအပြန် မီးရထားနဲ့ လာရောက်ရောင်းချရချိန်က ဈေးနှုန်းသက်သာခဲ့ပေမယ့် ကိုဗစ်ကာလမှာ ကားနဲ့ဆိုတော့ ကုန်ဈေးနှုန်း၊ ကားခဈေးကြီးမှုနှင့် ကြုံတွေ့ရပါတယ်။ ယခုလို ရထားလမ်းပိုင်း ပြန်လည်ပြေးဆွဲပေးသည့်အတွက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းဝယ် ဖောက်ကားမှု လွယ်ကူပြီး ယခုလိုရထားလမ်းကို ရာသက်ပန်ပြေးဆွဲပေးစေလိုပါတယ်။
ကိုဇာနည်
ကက္ကူကျေးရွာ၊ ကျောက်တလုံးကြီးမြို့
မေး- ယခုလို တောင်ကြီး-ဘန်းယဉ်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲပေးသည့်အတွက် ရင်တွင်းခံစားချက်လေး သိပါရစေ။
ဖြေ- ကျွန်တော်က ဒေသထွက်ကုန်ပစ္စည်းတွေကို တောင်ကြီးဈေးမှာ အခင်က ရထားနဲ့ လာရောက်ပို့ဆောင်ရောင်းချပါတယ်။ ကိုဗစ်ကာလမှာ မော်တော်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ရောင်းချရတဲ့အခါ ကားခဈေးနှုန်းကြီးတော့ အမြတ်ငွေရရှိမှုနည်းတာပေါ့။ အခုတော့ ရထားလမ်းပြန်လည်ပြေးဆွဲပေးတဲ့အတွက် ဒေသထွက်ကုန်ပစ္စည်းတွေ တင်ဆောင်ရ လွယ်ကူပြီး အကျိုးအမြတ်ပိုမိုရရှိတယ်။ မိသားစု စားဝတ်နေရေး အဆင်ပြေပါတယ်။ ဒေသထွက် ကုန်ပစ္စည်းတွေကို နေ့စဉ်ရထားဖြင့် လာရောက်ပို့ဆောင်ရောင်းချရတဲ့အတွက် အဆင်ပြေပါတယ်။
မနွယ်နီဝင်း
ခရီးသည်၊ ဖာမွန်းကျေးရွာ ၊ တောင်ကြီးမြို့
မေး- ယခုလို တောင်ကြီး-ဘန်းယဉ်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲပေးသည့်အတွက် ရင်တွင်းခံစားချက်လေး သိပါရစေ။
ဖြေ- ကျွန်မက တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာကပါ။ တောင်ကြီးကို မော်တော်ဆိုင်ကယ်နဲ့လာမယ်ဆိုရင် သွားလာစရိတ်ကများတယ်။ အခုတော့ ဖာမွန်းမှ တောင်ကြီးကို ရထားနဲ့ဆိုတော့ အချိန်ပိုရပြီး ပိုပြီးတော့လည်း သက်တောင့်သက်သာ ဖြစ်တယ်လေ။
ခွန်တင်အောင်ဝင်း
ဟမ်းဆီးကျေးရွာ၊ ကျောက်တလုံးကြီးမြို့
မေး- ယခုလို တောင်ကြီး-ဘန်းယဉ်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲပေးသည့်အတွက် ရင်တွင်းခံစားချက်လေး သိပါရစေ။
ဖြေ- ကျွန်တော်က ဟမ်းဆီးကျေးရွာကနေ ဒေသထွက်ပစ္စည်းတွေကို လာရောက်ရောင်းချသူ ဖြစ်ပါတယ်။ အရင်ကတော့ ပစ္စည်းများကို မော်တော်ဆိုင်ကယ်နဲ့သယ်ရတော့ သိပ်တော့အဆင်မပြေဘူး။ အခုတော့ ရထားပြန်ဆွဲမယ်ဆိုတော့ ပစ္စည်းသယ်ရတာ ပိုပြီး အဆင်ပြေတာပေါ့။ ကုန်ကျစရိတ်လည်းသက်သာတဲ့အတွက် အမြတ်လည်းပိုရတာပေါ့။ ယခုလို ရထားလမ်းပြန်လည် ပြေးဆွဲပေးတာက ကျွန်တော်တို့အတွက် ပိုပြီးတော့အဆင်ပြေပါတယ်။
မနန်းနွယ်နွယ်ဝင်း
ဟမ်းဆီးကျေးရွာ၊ ကျောက်တလုံးကြီးမြို့
မေး- ယခုလို တောင်ကြီး-ဘန်းယဉ်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲပေးသည့်အတွက် ရင်တွင်းခံစားချက်လေး သိပါရစေ။
ဖြေ- ကျွန်မက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ဟမ်းဆီးကျေးရွာနေ ဈေးရောင်းသူတစ်ဦးဖြစ်ပါတယ်။ အရင်တုန်းက တောင်ကြီးဈေးတွင်ဈေးရောင်းချဖို့ ဈေးပတ်ကားနဲ့လာတယ်။ ကားနဲ့ဆိုတော့ အသွား-အပြန် ကုန်ကျစရိတ်ကြီးတယ်။ အခုတော့ တောင်ကြီးနှင့်ဟမ်းဆီးကို ရထားပြေးဆွဲပေးတော့ ကုန်ကျစရိတ် သက်သာလာတယ်။ အမြတ်ငွေလည်းပိုကျန်တာပေါ့။ ရထားပြန်လည်ပြေးဆွဲပေးသည့်အတွက် ဝမ်းသာပြီး ကျေးဇူးလည်းတင်ပါတယ်။
ယခုအခါ တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး- ဘန်းယဉ်ခရီးစဉ် အမှတ်(၁၅၃) အဆန်၊ အမှတ်(၁၅၄) အစုန်ရထားပြန်လည်ပြေးဆွဲမှုတွင် အမှတ်(၁၅၃) အဆန် လူစီး၊ ကုန်တင်ရထားသည် တောင်ကြီးဘူတာမှ မွန်းလွဲ ၂ နာရီခွဲမှ စတင်ထွက်ခွာ၍ ဘန်းယဉ်ဘူတာသို့ ညနေ ၄ နာရီ ၅၀ မိနစ်တွင်လည်းကောင်း၊ အမှတ် (၁၅၄) အစုန် လူစီး၊ ကုန်တင်ရထားသည် ဘန်းယဉ်ဘူတာမှ နံနက် ၅ နာရီခွဲမှ စတင်ထွက်ခွာ၍ တောင်ကြီးဘူတာသို့ နံနက် ၈ နာရီ တွင် အသီးသီးရောက်ရှိပြီး ဖာမွန်းဘူတာ၊ နောင်ကားဘူတာ၊ ဟမ်းဆီးဘူတာ၊ ကက္ကူဘူတာနှင့် ဘန်းယဉ်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားစီး တိုင်းရင်းသားပြည်သူများအနေဖြင့် လုံခြုံစွာ သွားလာအသုံးပြုနိုင်ရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့၏ ဒေသထွက်ကုန်ပစ္စည်းများ၊ သီးနှံများအားရထားကိုအသုံးပြု၍ တောင်ကြီးမြို့ပေါ်အထိ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ပြီး ရထားဖြင့်သယ်ယူပို့ဆောင်ခြင်းသည် စရိတ်စကနည်းသည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
တွေ့ဆုံမေးမြန်းသူ - မောင်မောင်သန်း(တောင်ကြီး)