သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်စိုး၊ သစ္စာမဏ္ဍိုင်ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

သုံးခွ စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ကံမြင့်ကျေးရွာတွင်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးမြင့်စိုးနှင့် သစ္စာမဏ္ဍိုင်ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ  ၃နာရီအချိန်က ကံမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးမြင့်စိုးက လမ်းညွှန်အမှာစကားပြောကြားပြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက Contract farming အကျိုးတူလယ်ယာစနစ်ဖြင့် ပဲတီစိမ်းသီးနှံများ စိုက်ပျိုးမည့်စီမံကိန်းအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ပဲတီစိမ်းစိုက်ပျိုးမည့် အခြေအနေအား ရှင်းလင်းတင်ပြရာတွင် သုံးခွမြို့နယ်အနေဖြင့် သမဝါယမမှ Contract farming ပဲတီစိမ်းစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ(၄၆)အုပ်စု သမအသင်း(၁၀၉)သင်း၊ အသင်းဟောင်း(၁၀)သင်း၊ အသင်းသစ်(၈)သင်းမှ တောင်သူ(၃၅၉၁)ဦး၊ ဧက (၂၉၇၄၁)အား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆောင်ရွက်ရမည့်ကုမ္ပဏီမှ မြို့နယ်သမဝါယမအသင်းစုကို အကျိုးတူ Contract စနစ်ဖြင့် ဆောင်ရွက်သွားမည့် အခြေအနေများကို ပရိုဂျတ်တာဖြင့် ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် တောင်သူများမှသိရှိလိုသည်များကို မေးမြန်းရာ တာ၀န်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)