စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ဒေသခံပြည်သူများ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

စဉ့်ကိုင် စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက ပုလိပ်ကျေးရွာ အတွင်းရှိ ပုလိပ်မြွေဘုရားဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးရွာပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ ချက်ခြင်းညှိနှိုင်းဆောင်ရွက်ပေး၍ ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးသိန်းလွင်က လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စများ၊   အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ် ဦးစီးဌာန၊   ကျေးလက်လမ်းဦးစီးဌာန အစရှိသည့် ဌာနများမှ တာ၀န်ရှိသူများကလည်း ကျေးရွာ အတွက် မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြရာ ကျေးရွာပြည်သူများက မှတ်ပုံတင်၊ အိမ်ထောင်စုဇယားများ၊  လိုအပ်လျက်ရှိကြောင်း လယ်ယာမြေများတွင် ရေလိုအပ်မှုအခြေအနေ၊ လျှပ်စစ်မီတာကြွေးကျန်ကိစ္စများကို တင်ပြကြရာ တာ၀န်ရှိသူများက အသီးသီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကို ထိုးနှံပေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများအား လျှပ်စစ်၊ ရေအရင်းအမြစ်၊  မြို့နယ် မွေးမြူရေးနှင့်ကုသရေး၊ မီးသတ်တပ်ဖွဲ့တို့က မိမိတို့ဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  ကျေးလက်ဒေသနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများ၊ ပုလိပ်ကျေးရွာပြည်သူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စန္ဒာအေးအောင်(ပြန်/ဆက်)