နေပြည်တော် စက်တင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူမှုရေးပင်စင် ဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း ဆိုင်ရာအသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူမှုရေးပင်စင် ထောက်ပံ့မှု အစီအစဉ်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အသက် (၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများကို တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အကျုံးဝင်အသက်ကို (၈၅)နှစ်သို့လျှော့ချပြီး ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ရာတွင် နိုင်ငံတော် ဘတ်ဂျက် ရန်ပုံငွေမှ သုံးစွဲထောက်ပံ့ နေရသည့်အတွက် အလေအလွင့်မရှိစေရေး စနစ်တကျဆောင်ရွက်သွားဖို့ လိုအပ်သလို အကျိုးခံစားသူ မှန်ကန်ရေး၊ အကျိုးခံစားမည့်သူများ မထပ်စေရေး၊ စာရင်းဇယား မှန်ကန်မှုရှိစေရေးအတွက်လည်း သက်ဆိုင်ရာဌာနများအနေဖြင့် အထူးဂရုပြု ဆောင်ရွက်သွား ရန်လိုကြောင်း၊ ဝန်ထမ်းများအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများသည် အရေးကြီး သောအခန်းကဏ္ဍမှ ပါဝင်တာဖြစ်တဲ့အတွက် ယခုလိုသက်ဆိုင်ရာ ကဏ္ဍအလိုက် သင်တန်းများကို တာဝန်ရှိသူများမှ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့်သင်တန်းများကို ထပ်မံဖွင့်လှစ်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ပါကြောင်း၊ သင်တန်း တက်ရောက်လာကြသူများအနေဖြင့် သင်ခန်းစာများကို အကျိုးရှိရှိ ပြန်လည်အသုံးချပြီး မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များကို ထပ်ဆင့်မျှဝေပေးရန်နှင့် မိမိတို့မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများကို မိမိတို့တတ်နိုင်သည့်ဖက်မှ ကြိုးစားဆောင်ရွက် ပေးသွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် သက်ကြီးဘိုးဘွားများအတွက် ရရှိလာသော အကျိုးကျေးဇူးများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
သင်တန်းတွင် နေပြည်တော်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများက လူမှုရေးပင်စင်ထောက်ပံ့ခြင်း လုပ်ငန်းစဉ်များကို နေပြည်တော်အတွင်းရှိ မြို့နယ်များမှ လူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဉ်တွင် ကူညီဆောင်ရွက်ပေးနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)