ကျောက်တံတား စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိန် က ဌာနဆိုင်ရာများ အနေဖြင့် လုံခြုံရေးကို အထူးဂရုပြုရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ်အတွင်း ပြည်သူအားလုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မြို့နယ်အတွင်း စစ်ကြောင်းကြီး (၅)ကြောင်း ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အလိုက် ခေါင်းဆောင်များက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်သွားရန်နှင့် ကွင်းဆင်းဆောင်ရွက်မှု မှတ်တမ်းများကို ပြန်လည်တင်ပြသွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေဇင်ခိုင်(ပြန်/ဆက်)