စဉ့်ကိုင်မြို့နယ်တွင် မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်

စဉ့်ကိုင် စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် (၉) နာရီက မြို့ဝန်ကုန်းကျေးရွာအတွင်းရှိ လမ်းဆုံနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ပြည်သူများသိစေရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက အပတ်စဉ်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုများမှာ ရောဂါပိုးရှိသည့် တိရစ္ဆာန်များနှင့်   မကျက်တကျက်ချက်ပြုတ်ထားသည့် အသားနှင့်အခြားရောဂါပိုးရှိသည့် တိရစ္ဆာန်များမှ ထုတ်လုပ် ထားသည့် ထုတ်ကုန်များ၊   စားသုံးမိခြင်း၊ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှလည်း ကူးစက် နိုင်ကြောင်း၊ မိမိတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ အကြံဉာဏ်များရယူရန်၊ ဖြစ်နိုင်လျှင် မိမိအိမ်တွင် သီးခြား ခွဲနေထိုင်ရန်၊ အခြားသူများနှင့်နီးကပ်စွာ ထိတွေ့မှုကို​ ရှောင်ကြဉ်ခြင်းဖြင့် အခြားသူများအား မကူးစက်အောင် ကာကွယ်ရန်၊ အနီးကပ်ထိတွေ့မှု ပြုလုပ်မည်ဆိုပါက  နှာခေါင်းစည်းကို တပ်ဆင်အသုံးပြုရေး စသည့်ရှောင်ရန်အချက်များနှင့် ထိထိရောက်ရောက်ကာကွယ်နိုင်ရန်အတွက် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးလိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။   

အေးအေးမိုး(ပြန်/ဆက်)