မော်လမြိုင် စက်တင်ဘာ ၂
မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နွေးထွေးသော ရင်ခွင်အဖွဲ့တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင် ပြပွဲကို ယမန်နေ့က အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်သားလူငယ်များအနေဖြင့် မိမိတို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက် ထားရှိပြီး အကျင့်စာရိတ္တကောင်းမွန်စွာ နေထိုင်ရေး၊ အသိပညာဗဟုသုတများ တိုးတက်လာစေရေး စာအုပ်စာစောင်များ လေ့လာဖတ်ရှူကြစေရေး အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မြသန်းက ကလေးငယ်များအနေဖြင့် မထိရ မကိုင်ရ ကလေးငယ်များ ပြုမူနေထိုင်ရမည့် အကြောင်းအရာများအားလည်ကောင်း နွေးထွေးသောရင်ခွင်အဖွဲ့ ဒေသညှိနှိုင်းရေးမှူး ဒေါ်၀င်း၀င်းနှင့်အဖွဲ့က အဖွဲ့၏ရည်ရွယ်ချက်လုပ်ငန်းစဉ်များနှင့် လိင်နှင့် မျိုးဆက်ပွား အိမ်တွင်းအကြမ်းဖက်မှု စသည့် အကြောင်းအရာများကို Video Clip ဖြင့် ရှင်းလင်း ဟောပြောခဲ့သည်။
ထိုနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို အသိပညာပေးစာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များ ပြသပေးခြင်း ၊ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ကာ နွေးထွေးသောရင်ခွင်အဖွဲ့က အအေးနှင့်မုန့်များကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်