မော်လမြိုင် စက်တင်ဘာ ၂
တိုင်းရင်းသားလူမျိူးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ မွန်ပြည်နယ်၊ ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့် ပညာအဆင့်) ပြိုင်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဦးတည်ချက်များနှင့်အညီ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရွက်ပုန်းသီး ဝါသနာရှင်၊ ပညာရှင်များကို ရှာဖွေရွေးချယ် မွေးထုတ် ပေးပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေခြင်း၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများသည် အဆိုသာမက အက၊ အရေးနှင့် အတီး ပြိုင်ပွဲများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် (ဗဟို) အဆင့် ပြိုင်ပွဲတွင် ပြည်နယ်ဂုဏ်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မွန်စာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီမှ ကျောင်းသား၊ ကျောင်းသူများက “ရှုမငြီးဖွယ် ကကြိုး (၁၂)သွယ်” ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ကပြ ကြပြီးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေး၊ ခေတ်ဟောင်းနှင့် ကာလပေါ်တေးတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) အဆို ပြိုင်ပွဲတွင် မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင် ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေး(အမျိုးသား) ၃ ဦး၊ (အမျိုးသမီး) ၈ ဦး၊ ခေတ်ဟောင်းနှင့် ကာလပေါ်တေး (အမျိုးသား) ၂ ဦးနှင့် (အမျိုးသမီး) ၄ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်