ကျောက်ဆည် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ဥယျာဉ်ခြံမြေနှင့် ကိုင်း၊ ကျွန်းမြေများတွင် နှစ်ရှည်သီးနှံပင်များ၊ ကာလတို ဟင်းသီးဟင်းရွက်သီးပင် စားပင်များ မျိုးစုံစိုက်ပျိုးလျက်ရှိရာ ပေါက်ကုန်းကျေးရွာမှ သံပယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရှိရသည်။
သံပယိုသီးနှံသည် အစေ့ပျိုး၍စိုက်ပျိုးခြင်း၊ ကိုင်းကူးစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးရှိရာ အပင်သန်မာပြီး နေရောင်ခြည်နှင့် လေဝင်လေထွက်ကောင်းရန်၊ အသီးများလှပစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၈) ပေအကွာ အတန်းလိုက်စိုက်ပျိုးရကြောင်း တစ်နှစ်သားအရွယ် သံပယိုပျိုးပင်တစ်ပင်ကို ငွေကျပ်ငါးရာ နဲ့ဝယ်ပြီး အပင် (၁၀၀) စိုက်ပျိုးထားရာ သုံးနှစ်သားအရွယ်တွင် စတင်ခူးခွတ်ရောင်းချရကြောင်း၊ စတင် ခူးဆွတ်ချိန်တွင် တစ်ခါဆွတ်အလုံး (၅၀၀) ခူးဆွတ်ရောင်းချရကြောင်း၊ အပင်ငယ်သည့်အချိန်တွင် ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးရပြီး ရေကြိုက်နှစ်သက်သည့်အတွက် အစိုဓာတ်မပြတ်စေရန် ရေသွင်းပေးရကြောင်း၊ လိုအပ်သည့် အချိန်တွင် မြေဩဇာကျွေးပေးခြင်း၊ ကိုင်းအခြောက်များ ရှင်းပေးခြင်းဖြင့် အပင်များကောင်းစွာဖြစ်ထွန်းပြီး အသီးသီးနှုန်း ပိုမိုကောင်းမွန် ကြောင်း ပေါက်ကုန်း ကျေးရွာမှ သံပယိုခြံပိုင်ရှင် ဦးစိုးတင့်က ပြောပြသည်။
သံပယိုသီးနှံသည် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်ပြီး အပင်အပြုအစုကောင်းပါက အဆက်မပြတ် သီးကြောင်းနှင့် အသီးအထွက်နှုန်းအပေါ်မူတည်ကာ နေ့စဉ်ခူးဆွတ်ရောင်းချလျက်ရှိကြောင်းနှင့် အသီးအရွယ်အစားနှင့် ဈေးကွက်အပေါ်မူတည်၍ အသီးတစ်လုံးအား ငွေကျပ် (၃) ကျပ်မှ (၉) ကျပ်အထိ ရောင်းချရကြောင်းသိရှိရသည်။
သက်မောင်(ကျောက်ဆည်)