ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်တုရင်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား စက်တင်ဘာ ၂

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်တုရင်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက် ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်စစ်တုရင်အသင်းအား ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီးက အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်လက်ရွေးစင် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင်စစ်တုရင် အသင်းနည်းပြ ဦးမျိုးတင်က ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားကဏ္ဍ တိုးတက်မြင့်မားလာရေးအတွက် အစဉ်တစ်စိုက် အားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ပြီး ယနေ့ ပြိုင်ပွဲဝင်ရောက်ရန် သွားရောက်ကြမည့် အုပ်ချုပ်သူ နည်းပြများနှင့် ကစားသမားအနေဖြင့် ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် လိုကြောင်း တိုက်တွန်းမှာ ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက လက်ရွေးစင်အသင်း အုပ်ချုပ်သူနည်းပြများထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အားကစားနည်း အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ယှဉ်ပြိုင်ပြီးစီးခဲ့သည့် အားကစားနည်း (၁၁)မျိုးတွင် ပြည်နယ်ကိုယ်စားပြု အမျိုးသမီးဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အမျိုးသမီး ဘောလီဘောအသင်းတို့က တံခွန်စိုက်ဆု ဖလားများကိုလည်းကောင်း၊ ပြည်နယ်လက်ရွေးစင်ဂျူဒို အသင်းအနေဖြင့် အမျိုးသား/အမျိုးသမီးနှင့် စုပေါင်း တံခွန်စိုက်ဆုဖလား (၃)ခုစလုံးကို  လည်းကောင်း ဆွတ်ခူးရရှိထားပြီး အားကစားနည်းများအလိုက် စုစုပေါင်း ရွှေ ၁၅ ခု၊ ငွေ ၁၃ ခု၊ ကြေး ၈ ခုရရှိထားကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ပြည်နယ် (ပြန်/ဆက်)