နမ့်ခမ်း စက်တင်ဘာ ၂
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက်(၂)လမှ (၁)နှစ်ခွဲ အရွယ်ကလေးများအား ယနေ့နံနက်(၉) နာရီအချိန် နမ့်ခမ်းမြို့၊ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံရှိ မိခင်နှင့်ကလေးရုံး၌ အပတ်စဉ် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ထိုးနှံပေးခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပတ်စဉ် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ထိုးနှံပေးခြင်းကို ကလေးငယ်များ၏ အသက်အရွယ် အပိုင်းအခြားအလိုက် ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင် (PCV)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်နှင့် ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့တွင် နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ (၁)ပတ် လျှင် (၃)ရက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ထိုးနှံပေးရမည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက်အရွယ် အပိုင်းအခြားအလိုက် အသက်(၂)လမှ (၁)နှစ်ခွဲ အရွယ်ကလေးများ ကာကွယ်ဆေး အကြိမ်ပြည့် အချိန်မီထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် မိခင်နှင့်ကလေးအဖွဲ့တို့က အပတ်စဉ် ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)