ဆီဆိုင်မြို့နယ် နောင်ခုံးကျေးရွာအတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

ဆီဆိုင် စက်တင်ဘာ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် တဘက်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ၌ ကျေးရွာအတွင်း ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်းကို ဩဂုတ်လ ၁၄ ရက်နေ့က စတင်ကာ အကောင်အထည်အဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါကျေးရွာအတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို အရှည်ပေ ၉၀၀၊ လမ်း အကျယ် ၂.၅ ပေ(၂ဖက်)၊ အမြင့် ၇ လက်မထု ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေများနှင့်အတူ လမ်းအရှည်ပေ ၃၀၀ ဖြင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ယခုအခါ လုပ်ငန်း ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်ဘွားက တဘက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ ဌာနမှသတ်မှတ်ထားသော စံချိန်စံညွှန်းများအတိုင်း အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။ ကျေးရွာအတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းပြီးစီးပါက တဘက်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာမှ အိမ်ခြေ(၈၅)စု၊ လူဦးရေ(၄၆၇)ဦးအတွက် အကျိုးပြုမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။

မျိုးမြတ်(ဆီဆိုင်)