ကွတ်ခိုင်မြို့နယ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ကွတ်ခိုင် စက်တင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၌  ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ကွတ်ခိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအခမ်းအနားကို စစ်ဗျူဟာအဖွဲ့(အ‌ခြေချ)(ကွတ်ခိုင်)မှ ဗိုလ်မှူးကြီးသိန်းအောင်စိုး၊ ကွတ်ခိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ခရိုင်လဝကမှူး ဦးစောဝင်းလွင်တို့မှ ဖဲကြိုးဖျက် ဖွင့်လစ်ပေးခဲ့သည်။ ထို့နောက် ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မောင်မောင်မှ အဖွင့်အမှာစကား‌ ပြောကြားပြီး‌နောက် အ-ထ-က (၁) ကျောင်းသူ/သားများက “စည်းလုံးခြင်း အတွက်သီချင်းတစ်ပုဒ်”‌ တေးသီချင်းဖြင့်‌ ‌ဖျော်ဖြေခြင်း၊ ဒေသခံတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ များမှလည်း သက်ဆိုင်ရာတိုင်းရင်းသားသီချင်းများဖြင့် ဖျော်‌ဖြေခဲ့ကြသည်။

ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲအားကျင်းပခဲ့ရာ စစ်ဗျူဟာအဖွဲ့(အ‌ခြေချ)(ကွတ်ခိုင်)မှ ဗိုလ်မှူးကြီး သိန်းအောင်စိုး၊ ကွတ်ခိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မျိုးညွှန့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတရုတ် ယဉ်ကျေးမှုအဖွဲ့၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၏ မိဘများက လာရောက်အားပေးခဲ့ပြီး ကျောင်းသား/သူများက အဆို၊ အက၊ အတီး ဘာသာရပ်အလိုက် ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက်ပြိုင်ပွဲအပြီးတွင်  အဆို၊ အက၊ အတီး ဘာသာရပ်များ၌ အဆင့်အလိုက် ဆုရရှိသူများအား ခရိုင်စီမံ ဥက္ကဋ္ဌ၊ မြို့နယ်စီမံ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)