နမ္မတူမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပ ပြုလုပ်

နမ္မတူ စက်တင်ဘာ၂

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေး ဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက ကျောင်းသားကျောင်းသူ လူငယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ဖို့အတွက် တန်ဖိုးဖြတ်မရသည့်ရတနာများဖြစ်ဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအားကျင်းပခဲ့ရာ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲတွင်ထူးချွန်ဆုရရှိသည် ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)