ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ Hotel-Training သင်တန်းများဖွင့်ပွဲကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၂

ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ၁၈ နှစ်ကြား လူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ က တောင်ကြီးမြို့၊ ပန်သခွားကျေးရွာ၊ စွန်းထီထင် ဘက်စုံဖွံ့ဖြိုးရေးရိပ်သာ၌ Training Hotel (Housekeeping Training)နှင့် Training Hotel (Waiter&Waiteress/F&B)သင်တန်းများ ဖွင့်ပွဲကိုကျင်းပခဲ့သည်။

Training Hotel သင်တန်း(၂)မျိုးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးဖွင့်ပွဲတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး၊ ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားပြီး ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ခင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက Training Hotel (Housekeeping Training) သင်တန်းအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်က Training Hotel (Waiter& Waiteress/F&B)  သင်တန်းအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းများကို ၂၀၂၂ ခုနှစ်စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လကြာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း(၂)မျိုးတွင် သင်တန်းသား/သူ(၄၁)ဦး တက်ရောက် သင်ကြားခဲ့ကြသည်။

စိုင်းသန်းကျော်(တောင်ကြီး)