မိုင်းယောင်း၌ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပျိုးထောင်ကြရန် ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ “စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပျိုးထောင်ကြရန်”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ Book Club ဥက္ကဋ္ဌ ဦးသန်းဇော်ဝင်းက စာဖတ်ခြင်းသည် ဘဝအရည်အသွေးမြင့်မားစေခြင်း၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေခြင်း စသည်ဖြင့် ဘဝအတွက် ကောင်းကျိုးပြုနိုင်မှု အခွင့်အလမ်းကို ဆောင်ကြဉ်းပေးကြောင်း၊ ပညာဗဟုသုတ ကြီးမားကျယ်ပြန့်ရန်အတွက် အကောင်းဆုံးနှင့် အလွယ်ဆုံး နည်းလမ်းမှာ စာပေဖတ်ရှုမှတ်သားခြင်းပင်ဖြစ်ကြောင်း၊ ကောင်းကျိုးကို ဆောင်နိုင်သော စာအုပ်စာပေများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရှိရန်လိုကြောင်း၊ စာဖတ်သည့် အလေ့ အကျင့်ကောင်းရရှိစေရန် မိမိကိုယ်ကို ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အားလပ်သည့်အချိန်ကို အကျိုးမဲ့မဖြစ်စေဘဲ နီးစပ်ရာ လက်လှမ်းမီရာ စာအုပ်စာပေများကို ဖတ်ရှုသင့်ကြောင်း ဆွေးနွေးသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက စာဖတ်ခြင်းဖြင့် ဘဝတွင် တွေ့ကြုံနေရသော လူမှုရေး၊ စီးပွားရေးနှင့် အတွေးအမြင် အယူအဆဆိုင်ရာ ပြဿနာများအတွက် အဖြေရှာနိုင်ကြောင်း၊ မိမိဖြတ်သန်းလာသော ဘဝအတွေ့အကြုံများနှင့် ပေါင်းစပ်၍ ရင်ဆိုင်ရမည့် ပြဿနာအစုစုကို တည်ငြိမ်စွာ ဖြေရှင်းနိုင်သည့် အစွမ်းကို စာအုပ်များက ဖြည့်ဆည်းပေးနိုင် ပါကြောင်း၊ စာဖတ်ခြင်းသည် အသိအမြင်တို့ကို ကျယ်ပြန့်စေကြောင်း၊ လောကီအကျိုးသာမက၊ လောကုတ္တရာအတွက်လည်း အကျိုးကျေးဇူးကြီးမားလှပါကြောင်း၊ စာဖတ်သူနှင့် စာမဖတ်သူတို့၏အရည်အချင်းမှာ ကွာခြားကြောင်း၊ ယနေ့ ကမ္ဘာ၌ ထိပ်တန်းသို့ ရောက်ရှိနေကြသော နိုင်ငံ့ခေါင်းဆောင် များ၊ ထင်ရှားကျော်ကြားလှသော နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်ကြီးများသည် စာအလွန်ဖတ်သူများ ဖြစ်ကြ ပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာတတ်ပြီးသော်လည်း စာမဖတ်ဘဲနေပါက ပြတင်းပေါက် ရှိပါလျက် မဖွင့်သောသူ ဖြစ်ပါကြောင်း၊ စာဖတ်ခြင်းသည် မိတ်ဆွေကောင်းနှင့် ယှဉ်တွဲနေရခြင်းနှင့် တူပါကြောင်း၊ စာပေမှရသော အသိကြောင့် အမှားအမှန်ကို ကွဲပြားစွာ ခွဲခြားသိမြင်လာစေပါကြောင်း၊ စာဖတ်ခြင်းမှ ပေးစွမ်းမည့် အကျိုးကျေးဇူးမှာ ကြီးမားလှသောကြောင့် အားလုံး စာပေဖတ်ရှု လေ့လာသင့် ကြောင်း၊ စာဖတ်ခြင်းဖြင့် လူတစ်ဦးချင်းစီ ကြီးပွားတိုးတက်ခြင်းအတွက် အထောက်အကူ ဖြစ်စေနိုင် သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များဖြစ်သော လူငယ်လူရွယ်များအနေဖြင့် နိုင်ငံနှင့်လူမျိုးအကျိုး စွမ်းဆောင်နိုင်သူများ ဖြစ်လာစေရန်အတွက် စာများများဖတ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို လေ့ကျင့်ပျိုးထောင်သင့်ပါကြောင်း ဆွေးနွေးခဲ့သည်။

စိုင်းအောင်ဇော်လင်း