မုဒုံ စက်တင်ဘာ ၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန်အတွက် ရည်ရွယ်၍ ဆွေးနွေးပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ရာတွင် လိုအပ်သော အထောက်အထားများအကြောင်း၊ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းမရှိပါက ဆောင်ရွက်ပေးသည့် အစီအစဉ်များအကြောင်း၊ ဘိုးဘွားများ ကာကွယ်စောင့် ရှောက်နိုင်ရေးအတွက် ရေးဆွဲထားသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
မုဒုံမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၁၄၂၆ ဦးရှိပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍနှစ်ပထမသုံးလပတ် လူမှုရေးပင်စင်များကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း
ဖြင့် စုစုပေါင်းငွေကျပ် ၄၂၇၈၀၀၀၀ ကိုထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်းနှင့် မွန်ပြည်နယ်အတွင်း အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၁၀၁၄၂ ဦးရှိကြောင်း သိရသည်။
သားငယ် (မုဒုံ)