မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ဓါတ်မှန်နှင့်ဆေးစပ်ခြင်းဆိုင်ရာ ဆေးဘက် ကျွမ်းကျင်အဆင့် (၄) နှင့် ဆေးမှတ်တမ်းများဆိုင်ရာ စိစစ်ရေးမှူးအဆင့် (၄) (၆) လ သင်တန်း ဖွင့်ပွဲအခမ်းအနားတက်​ရောက်

​မော်လမြိုင် စက်တင်ဘာ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဓါတ်မှန်နှင့်ဆေးစပ်ခြင်းဆိုင်ရာ ဆေးဘက်ကျွမ်းကျင် အဆင့် (၄) နှင့် ဆေးမှတ်တမ်းများဆိုင်ရာ စိစစ်ရေးမှူး အဆင့်(၄) (၆)လသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းက ​မော်လမြိုင်အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ သင်တန်းသား၊ သင်တန်းသူများ တက်​ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့နေရာမှာ ကျန်းမာရေးကဏ္ဍသည် အဓိက အလေးထား တိုးမြှင့်ဆောင်ရွက်ရမယ့် ကဏ္ဍတစ်ရပ်ပဲဖြစ်ပါ​ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် လူနာများအား အဆင့်အတန်း မြင့်မားသည့်ကျန်းမာရေး စောင့်ရှောက်မှုများရရှိစေရန် ဆောင်ရွက်ရာတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ အတွက် ယခုလို သင်တန်းများပေးခြင်းဖြစ်​ကြောင်း၊ ထိုသို့သင်တန်းများ ဖွင့်လှစ်ခြင်းများဖြင့် ပြည်သူ့ဆေးရုံများ၏ ကုသရေးလုပ်ငန်းများ၊ ဆေးဝါးနှင့်စက်ကိရိယာ ပြန်လည်ဖြည့်တင်းရေးနှင့် ပြင်ဆင်ရေးလုပ်ငန်းများ၊ ရောဂါရှာဖွေရေးလုပ်ငန်းများနှင့် ဆေးရုံ၏ မှန်ကန်သည့် သတင်းအချက်အလက်များကို မြန်ဆန်စွာရရှိရေး လုပ်ငန်းများကို ပိုမိုတိုးတက်လာနိုင်မည် ဖြစ်ပြီး ပြည်သူများကလည်း ဆေးကုသမှုခံယူရာတွင် စိတ်ကျေနပ်မှု ရရှိစေမှာပဲ ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားသင်ယူ လေ့လာဆောင်ရွက်ကြရန်နှင့် ယခုသင်တန်းမှ သင်ယူတတ်မြောက်ပြီးသည့် ဆေးပညာရပ်များဖြင့် အနာဂတ်လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တစ်ဖက်တစ်လမ်းမှ ပါဝင်အားဖြည့်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများပေးသည့်အခါတွင် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ကြိုးပမ်း ဆောင်ရွက်​ပေးကြရန် ​ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်၀န်ကြီးချုပ်မှ ဓါတ်မှန်နှင့်ဆေးစပ်ခြင်းဆိုင်ရာ ဆေးဘက်ကျွမ်းကျင် အဆင့်(၄)နှင့် ဆေးမှတ်တမ်းများဆိုင်ရာ စိစစ်ရေးမှူး အဆင့်(၄) သင်တန်းသို့ တက်​ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား ကျန်းမာ​ရေးသုံးပစ္စည်းများကို  ထောက်ပံ့ပေးအပ်ခဲ့ပြီး  မွန်ပြည်နယ်ကုသရေး ဦးစီးဌာနအောက်ရှိ ဆေးရုံ(၄၁)ရုံတွင် ဓါတ်မှန်နှင့် ဆေးစပ်ခြင်းဆိုင်ရာ ဆေးဘက်ကျွမ်းကျင် အဆင့်(၄)နှင့် ဆေးမှတ်တမ်းများဆိုင်ရာ စိစစ်ရေးမှူး အဆင့်(၄) များအတွက် သင်တန်းကာလ (၆) လဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ယခုသင်တန်းသားဦးရေ (၃၄) ဦး တက်ရောက်မည်ဖြစ်​ကြောင်း သိရသည်။

ခင်စန်းမြင့်