မုဒုံ စက်တင်ဘာ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (မုဒုံမြို့) တွင် လူငယ်များ ဗလငါးတန် မြင့်မား လာစေရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ယမန်နေ့က စာပေစကားဝိုင်းကို သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ စာပေစကားဝိုင်းတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ညှိနှိုင်းရေးမှူးအဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး သင်တန်းသူ မယဉ်ဖြူသန့်က စာရေးဆရာ မိုးရှင်း၏ လက်ဆောင်စာအုပ်တွင် ပါဝင်သော “ဦးနှောက်အကြောင်း နည်းနည်းပြောရအောင်” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မပွင့်ဖူးဝေက ဒေါက်တာစိုးလွင်၏ “သားဆက်ခြားနည်းအကြောင်း” ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းယုနှင့် နည်းပြများ၊ သင်တန်းသူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာပေစကားဝိုင်းကို သင်တန်းသူလူငယ်များ အသိပညာဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ အပါအဝင် ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး၊ လူငယ်တို့၏ အတွေးအမြင်ကောင်းများဖြင့် အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား အကောင်အထည်ဖော် ထူထောင်နိုင်ရေးနှင့် စာပေချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေပြီး စာဖတ်ရှိန်မြင့်မားလာကာ စာပေများအပေါ် အမြင်ချင်းဖလှယ်နိုင်စေရေးအတွက် ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
သားငယ် (မုဒုံ)