ညောင်ဦး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မရှိစေရေး မြို့ ဝင်/ထွက် ဂိတ်များတွင် စစ်ဆေးရေးအဖွဲ့များမှ မြို့နယ်အတွင်း ဝင်၊ ထွက် သွားလာနေသည့် ခရီးသွား ပြည်သူများအား အထူးကြပ်မတ် ကျန်းမာရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့များသည် ညောင်ဦးမြို့သို့ အခြားမြို့နယ်ဒေသများမှ ဝင်၊ ထွက် သွားလာရ သည့် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ဝင်ထွက်ဂိတ်၊ ညောင်ဦး-ကျောက်ပန်းတောင်း ဝင်ထွက်ဂိတ်၊ ညောင်ဦး- ချောက် ဝင်ထွက်ဂိတ်များတွင် ခရီးသွားပြည်သူများအား တစ်ဦးချင်း အမည်၊ မှတ်ပုံတင် အမှတ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာများ မှတ်တမ်းကောက်ယူခြင်း၊ Thermo Screen အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်စေခြင်းစသည့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထို စစ်ဆေးရေးအဖွဲ့များတွင် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ အစရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များစသည်ဖြင့် ဂိတ်တစ်ခုစီတွင် စုစုပေါင်း လူအင်အား (၁၂) ဦးခန့်ဖြင့် အလှည့်ကျတာဝန်ယူ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)