တောင်ကုတ်ခရိုင်တရားရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကုတ် စက်တင်ဘာ ၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် တရားရုံးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကံပိုင်ရပ်ကွက်၊ မြို့မသီရိလမ်းရှိ အဆိုပါရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် ခရိုင်တရားသူကြီး ဦးစိန်ကျော်ဖြူ တို့က အမှာစကားပြောကြားပြီးနောက် မြို့မိမြို့ဖ ဦးကျောက်တောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ခရိုင်တရားရုံး ဆိုင်းဘုတ်အား ခရိုင်တရားသူကြီး ဦးစိန်ကျော်ဖြူက အမွှေးနံ့သာရည်များပက်ဖျန်းပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

တောင်ကုတ်ခရိုင်တရားရုံးအနေဖြင့် တောင်ကုတ်မြို့နယ်၊ မာန်အောင်မြို့နယ်တို့၌ ဖြစ်ပွားသော ရာဇဝတ်မှုများနှင့်တရားမမှုများကို စစ်ဆေးစီရင်သွားမည်ဖြစ်ပြီး စက်တင်ဘာ(၁)ရက်နေ့မှစ၍ ရုံးလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သံတွဲခရိုင်တရားသူကြီးနှင့် ဝန်ထမ်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ တောင်ကုတ်ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်